။ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၀၈ ခုနှစ် ၁၇:၀၀ - မြန်မာစံတော်ချိန်
ကရင်အမျိုးသား အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှုး ဖဒိုမန်းရှာသည် အမည်မသိ လက်နက်ကိုင် ၂ ဦးက သေနတ်ဖြင့် ပစ်သတ် လုပ်ကြံခံရသဖြင့် ယနေ့ မွန်းလွဲတွင် သေဆုံးသွားခဲ့သည်။
ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်နေအိမ်တွင် ထိုင်နေစဉ် ကားဖြင့် ရောက်လာသော သေနတ်သမား နှစ်ယောက်က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု မဲဆောက်နေသူများ၏ အပြောအရ သိရသည်။
ထပ်မံလွှင့်တင်ချိန်။ ။ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၀၈ ခုနှစ် ၁၇:၁၅ - မြန်မာစံတော်ချိန်
“သေနတ်တချက် ပစ်တယ်။ နောက်နှစ်ချက် ဆက်တိုက် ပစ်တယ်။” ဟု ဖဒိုမန်းရှာ အိမ်နဘေးတွင် နေထိုင်သူ တဦးက ပြောသည်။
ကရင်အမျိုးသားခေါင်းဆောင်သည် ထိုင်းစံတော်ချိန် မွန်းလွဲ ၄ နာရီ ၃ဝ ခန့်တွင် နေအိမ် အပေါ်ထပ်တွင် စာဖတ်နေစဉ် ကားဖြင့် ရောက်လာသော သေနတ်သမားများက အပေါ်ထပ် တက်လာပြီး သေနတ်ဖြင့် ပစ်သွားခြင်း ဖြစ်သည်။
သေနတ် ၄ ချက် ပစ်ခတ်ခဲ့ပြီး ရင်ဘတ်ကို ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။
ပစ်ခတ်ပြီးနောက် သေနတ်သမားများက မြို့ထဲဘက်သို့ ကားမောင်း ထွက်ပြေးသွားသည်ဟု မျက်မြင် သက်သေများက ပြောသည်။
ပုံမှန်အတိုင်း အစောင့်အကြပ် ထားရှိခြင်း မရှိသော နေအိမ်တွင် အောက်ထပ်တွင်သာ ရုံးဝန်ထမ်း ၂ ယောက်သာရှိရာ အလွယ်တကူ ဝင်ပစ်သွားခြင်း ဖြစ်သည်။
ထပ်မံလွှင့်တင်ချိန်။ ။ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၀၈ ခုနှစ် ၁၇:၃၀ - မြန်မာစံတော်ချိန်
ဖဒိုမန်းရှာ၏ ရုပ်ကလပ်ကို နေအိမ်တွင်ပင် ထားရှိသည်။ ဒီမိုကရေစီ လိုလားသူ မဟာမိတ် အဖွဲ့အစည်းများ အားလုံး ယူကြုံးမရ ဖြစ်နေကြောင်း ပြောဆိုကြသည်။
ဖိုးဝှီးကား အမဲရောင် နံပါတ် ၄၂၅ ဖြင့် ရောက်လာသော သေနတ်သမား ၂ ယောက်အနက် တဦးက အိမ်ပေါ် အရင်တက်လာပြီး ကရင်ဘာသာဖြင့် နေကောင်းလားဟူ၍ အဓိပ္ပါယ်ရသော နှုတ်ခွန်းဆက်စကား ပြောပြီးနောက် သေနတ်ဖြင့် ပစ်ခြင်း ဖြစ်သည်ဟု သိရသည်။ နောက်ကျ တက်လိုက်လာသော သေနတ်သမားကလည်း ပစ်ခတ်သွားခဲ့သည်ဟု ယုံကြည်ရသည်။
၉ မမ ကျည်ဖူးတခုကို ယခုအချိန်တွင် တွေ့ရှိထားပြီး ထိုင်းရဲက စုံစမ်း စစ်ဆေးမှု ဆက်လက် ပြုလုပ်လျှက် ရှိသည်ဟု အခင်းဖြစ်ပွားရာ နေအိမ်သို့ ရောက်ရှိနေပြီ ဖြစ်သော မဇ္ဈိမ ဓာတ်ပုံ သတင်းထောက်က ကိုအောင်တင်က ပြောသည်။
သေနတ်သမားများမှာ အရပ် ၅ ပေ ၅ လက္မခန့် ရှိသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
ထပ်မံလွှင့်တင်ချိန်။ ။ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၀၈ ခုနှစ် ၁၇:၄၅ - မြန်မာစံတော်ချိန်
သေနတ်သမားတယောက်၏ ယာဘက် လက်ဖျံတွင် နဂါးရုပ် ဆေးမှင်ကြောင် ထိုးထားသည်ကို တွေ့မြင်ရသည်ဟု မျက်မြင်တဦးက ပြောသည်။ သေနတ်သမားများမှာ အသက် ၃ဝ ကျော်အရွယ် ရှိသည်ဟု ဆိုသည်။
တဦးနှင့်တဦး ၁ဝ ပေကျော် အကွာခန့် တတ်လာသော သေနတ်သမားများက ကရင် ဘာသာစကားဖြင့် နှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
သေနတ်သံ ကြား၍ အပြေး ထွက်လာသော နေအိမ်အောက်ထပ် (မြေညီထပ်)မှ ကရင့်အမျိုးသား အစည်းအရုံး ရုံးဝန်ထမ်း ၂ ယောက်အား ဖဒိုမန်းရှာကို ပစ်ခတ်မှု ပြုပြီးနောက် ပြန်ဆင်းလာသော သေနတ်သမား နှစ်ယောက်အနက် တဦးက သေနတ်တချက် ပစ်ခတ်ခဲ့သေးသော်လည်း ထိမှန်ခြင်း မရှိပါ။
--------------------------------------------------------
ဖဒိုမန်းရှာလဖန်း (၆၄) ၏ ကိုယ်ရေးအကျဉ်း
- ၂ဝဝ၈ခုနှစ်၊ ဖေဖော်ဝါရီ (၁၄) ရက်နေ့တွင် လုပ်ကြံခံရ။
- ၂ဝဝ၄ ခုနှစ် ကေအန်ယူ (၁၃) ကြိမ်မြောက် ညီလာခံတွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် အရွေးခံရ။
- ၂ဝဝဝ တွင် ကေအန်ယူ (၁၂) ကြိမ်မြောက် ညီလာခံတွင် အထွေထွေ အတွင်းရေးမှူး ဖြစ်လာ။
- ၁၉၉၅-၉၆ ကေအန်ယူ (၁၁) မြောက်ညီလာခံတွင် တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်လာ။
- ၁၉၉ဝ တွင် ဗဟို ကော်မတီ ဖြစ်လာပြီး၊ မဟာမိတ်ရေးရာများကို တာဝန်ယူခဲ့။
- ၁၉၈၈ ခုနှစ် တက္ကသိုလ် ကျောင်းသားများ တောခိုလာသောအခါ ဗိုလ်ချုပ်မြ၏ အနီးကပ် ကိုယ်ရံတော်ဖြစ်လာ။
- ၁၉၈၄ မှာ အရံ ဗဟိုကော်မတီဝင် ဖြစ်လာ။
- ၁၉၇၅ ခုနှစ်တွင် ကေအန်ယူ ပြန်လည် ပေါင်းစည်းသောအခါ ညောင်လေးပင် ခရိုင်တွင် တာဝန်ထမ်းခဲ့။
- ၁၉၇၄ ခုနှစ်တွင် ပဲခူးရိုးမရှိ ကေအန်ယူ ဗဟိုသို့ ပြန်လာရောက်။
- ၁၉၆၈ တွင် ကရင်ပြည်နယ်ကို ဖြတ်ပြီး။ ရှမ်းပြည်နယ်စပ် ရလလဖ နယ်မြေတွင် နေထိုင်ခဲ့။ တရုတ်နယ်စပ်တွင် နိုင်ငံရေးသင်တန်း တက်ခဲ့။ (ဗကပ) နှင့် နိုင်ငံရေး ဆွေးနွေးခဲ့မှုများ လုပ်ခဲ့။ သဘောတရားရေးရာ သဘောမတူမှုများ ရှိခဲ့သဖြင့် ကြာကြာမနေဘဲ ဗဟိုဌာနချုပ်သို့ ပြန်လာခဲ့။
- ၁၉၆၆ တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာဖြင့် ဘွဲ့ရ။ ၎င်းနောက်တွင် ကရင့်တော်လှန်ရေးသို့ ရောက်။
- ၁၉၆၃-၆၆ အထိ ကေအန်ယူ၏ မြေအောက် လုပ်ငန်းများကို တာဝန်ယူ လုပ်ဆောင်ခဲ့။
- ၁၉၆၂ မှာ သမိုင်းဝင် ၇ ဂျူလိုင် အဖြစ်အပျက်နှင့် ကြုံခဲ့။ နိုင်ငံရေး စိတ်ဝင်စားခဲ့။
- ၁၉၆၁ မှာ ရန်ကုန် တက္ကသိုလ်သို့ ရောက်။
- ၁၉၄၅၊ ဇူလိုင် (၅) တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနီးရှိ၊ တော်လှန်ရေးသမား ထွက်သော ကျေးရွာတရွာတွင် မွေးဖွား။
--------------------------------------------------------
မဇ္ဈိမက ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့က ဖဒိုမန်းရှာကို ဆက်သွယ် မေးမြန်းခဲ့သော နောက်ဆုံး အင်တာဗျူးကို ပြန်လည် ဖော်ပြလိုက်ပါသည်။
မေး။ ။ စစ်အစိုးရရဲ့ စနေနေ့က ကြေညာချက်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီ လမ်းကြောင်းကို တကယ်ပဲ ဦးတည်တာလား။
ဖြေ။ ။ ဒါဟာ ဒီမိုကရေစီကို ဦးတည်တာ မဟုတ်ဘူး၊ အာဏာရှင်စနစ် ခိုင်မြဲရေးကို ဦးတည်နေတာ။
မေး။ ။ အခုလို့အချိန်မှာ၊ အားလုံး မမျှော်လင့်တဲ့အချိန်မှာ ကောက်ကာငင်ကာ ကြေညာလိုက်တာ ဘာကြောင်လို့ ထင်လဲ။
ဖြေ။ ။ စက်တင်ဘာလ တော်လှန်ရေးအပြီးမှာ နိုင်ငံတကာက ဖိအားက ပိုများလာတယ်။ ပြည်တွင်းမှာလည်း သူကို သိပ်မခံမရပ်နိုင်တော့ဘူး ဆိုတဲ့အချက်က ထင်ရှားလာတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ယူအမ်ရဲ့  ပါဝင်မှု၊ အဲဒီအပေါ်မှာ သူတို့သွားနေတဲ့ ရုတ်မက်ပ်ဟာ နိုင်ငံခြားကနေ ဖိအားတွေ မြင့်လာရင်၊ ဝင်လာရင် အတားအဆီး ဖြစ်မှာစိုးတယ်။ နိုဝင်ဘာလ (၁၆) ရက်နေ့က သူတို့ သတင်းစာ ရှင်းလင်းပွဲမှာ ဒါကိစ္စက ရှင်းတယ်။ နိုင်ငံတကာကနေပြီးတော့ သူတို့ရဲ့ ရုတ်မက်ပ်ကို ဝင်ပြီးနှောက်ယှက်တာကို သူတို့ လက်မခံဘူး။ အဲဒီတော့ သူတို့က သူတို့လမ်းကြောင်းကို သွားတော့မယ်လို့ ပြောလိုက်တာ ဖြစ်တယ်။ ယူအမ်ရဲ့ ပါတီစီပေးရှင်းကို လက်မခံဘူး။ နိုင်ငံတကာက ဖိအားပေးတာကိုလည်း လုံးဝ လက်မခံဘူး။
မေး။ ။ သူတို့က တကယ်ပဲ ၂ဝ၁ဝမှာ ရွေးကောက်ပွဲ လုပ်သွားနိုင်သလား ခင်ဗျ။
ဖြေ။ ။ ရွေးကောက်ပွဲက လုပ်ချင်တိုင်း လုပ်လို့ မရဘူးဗျ။ အရင်တုန်းက ၁/၉ဝ ထုတ်ထားတာ ရှိတယ်။ အဲဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သူတို့ကို ဝိုင်းမေးရမယ်။ အဲဒါကို အကောင်အထည် မဖော်ဘဲနဲ့ သူဟာနဲ့သူ နောက်ထပ် ၂ဝ၁ဝခုနှစ်၊ ၂ဝ၂ဝ တို့ လုပ်ချင်ရာ လျှောက်လုပ်နေလို့ မဖြစ်ဘူး ထင်တယ်။
မေး။ ။ အရင်ကလည်း လူထုဆန္ဒ ခံယူပွဲတွေကို အကြပ်ကိုင်ပြီး လုပ်ခဲ့တာရှိတော့၊ အခုရော ဒါမျိုးလုပ်လို့ မရနိုင်ဘူးလား။
ဖြေ။ ။ သူတို့လုပ်လို့ ရနိုင်ပါတယ်။ မေလ ရွေးကောက်ပွဲမှာတုန်းက သူတို့ တွက်ခြေမကိုက်ဘူး။ မကိုက်တော့ မေလ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်ဆီးဖို့္ဒNational Convention နဲ့ Roadmap ကို စဉ်းစားတာ ဖြစ်တယ်။ အဲလို ဖြစ်တဲ့အခါကျတော့ ဒီတချီမှာတော့ နိုင်လဲနိုင်၊ ရှုံးလည်းနိုင် သူတို့လုပ်မှာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီကိစ္စ္ဂအပေါ်မှာ ကျနော်တို့ သေသေချာချာ စဉ်းစားပြီးတော့မှ ခိုင်မာတဲ့ တုံ့ပြန်မှု၊ ပြတ်သားတဲ့ တုံ့ပြန်မှုတွေ ကျနော်တို့ လုပ်ဖို့ လိုတယ်။
မေး။ ။ ဘာတွေ ဖြစ်မလဲ ခင်ဗျ။
ဖြေ။ ။ လက်ရှိ သွားနေတဲ့ လမ်းကြောင်းကို ကျနော်တို့ လက်မခံနိုင်ဘူး။ လူထု လှုပ်ရှားမှုတွေ လုပ်ရမယ်ဆိုတဲ့ အချက်ဘက်က ရပ်တည်ပြီး လုပ်ရမှာ ဖြစ်တယ်။
မေး။ ။ လူထုက ဘာတာဝန်တွေ ရှိလာပြီးလဲ ခင်ဗျ။
ဖြေ။ ။ လူထုက အများကြီး လုပ်လို့ရတယ်။ သူတို့က Political Non-cooperation၊ နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်တာ မလုပ်ဖို့၊ စီးပွားရေးအရလည်း လုံးဝ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့၊ လူမှုရေးအရ လုံးဝ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့၊ အဲလို လက်တုံပြန်ရမယ်။ နိုင်ငံရေး တိုက်ပွဲတွေ၊ လူထု တိုက်ပွဲတွေ၊ လက်နက်ကိုင် တိုက်ပွဲတွေ၊ နိုင်ငံတကာက နေပြီးတော့ နိုင်ငံရေး တိုက်ပွဲတွေ၊ နိုင်ငံတကာ ဖိအားတွေ၊ ဒါတွေကို ကျနော်တို့ မြှင့်တင်ရမယ်။ မဟုတ်ရင် နအဖကဟာ သူတို့ နားလည်တဲ့ ဘာသာစကားနဲ့ သူတို့ကိုပြောမှ။ အရင်တုန်းကလို သူတို့က ချောမြူရေးဝါဒကို ကျင့်သုံးနေတာကြောင့် သူတို့ ဘယ်သူကိုမှ ဂရုစိုက်မှာ မဟုတ်ဘူး။